Root ဆိုတာ ဘာလဲ
Root လုပ်ထားတဲ့အတွက် သာမန် Root မလုပ်ထားသူတွေ မမြင်တွေ့နိုင်တဲ့
System file တွေကို မြင်တွေ့ပြင်ဆင်နိုင်ပါတယ်။ Root လုပ်ပြီးသွားပြီဆိုရင်
ဖုန်းတစ်ခုလုံးမှာရှိတဲ့ File တွေအားလုံးကို တစ်ခုမကျန် တွေ့ရမှာပါ။ Root
ပြုလုပ်လိုက်တာဟာ ဖုန်းတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တာမျိုးမဟုတ်ပါဘူး။
Root လုပ်လိုက်ပြီးရင်လည်း မူလအတိုင်း ပြန်ထားနိုင်ပါတယ်။
Root ပြုလုပ်ခြင်းအတွက် အများကြီး စိုးရိမ်နေဖို့ မလိုပါဘူး။
ဖုန်းထုပ်လုပ်သူတွေကတော့ Root ပြုလုပ်ခြင်းဟာ အသုံးပြုသူနဲ့ မသက်ဆိုင်တဲ့
စနစ်ရဲ့ File တွေကို ကိုင်တွယ်မှာစိုးလို့ ဆိုပြီး ဆင်ခြေပေးကြပါတယ်။
ဒါပေမယ့် Root ပြုလုပ်ခြင်းကို တားမြစ်တာဟာ မလုပ်သင့်တဲ့အရာပါ။ သာမန်
ပညာတတ်တစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ ဖုန်းစနစ်ကို ပျက်ဆီးသွားစေမယ့်
လုပ်ရပ်မျိုးကို အလွယ်တကူ ပြုလုပ်ကြမှာမဟုတ်ပါဘူး။ နောက်ပြီး
ကိုယ်ကြုံတွေ့နေရတဲ့ အသေးအဖွဲ Software ပြဿနာလောက်ကိုတော့ Service Center
ထိ အချိန်ပေးပြီးသွားရမယ်ဆိုတာက သိပ်ပြီး ကျေနပ်စရာမကောင်းလှပါဘူး။
တစ်ကယ်တော့ Android မှာ Root လုပ်ခြင်းဟာ ကွန်ပြူတာမှာဆိုရင်
Administrator User နဲ့ Guest User နီးပါးလောက် ကွာခြားပါတယ်။ ဒါမှမဟုတ်
Hidden Files တွေကို မြင်ရခြင်းနဲ့ မမြင်ရခြင်း ကွာသလိုမျိုးပါပဲ။ ဒီ
Android ကို ဖုန်းထုတ်လုပ်သူတွေ မပိုင်ပါဘူး။ ဖုန်းထုပ်လုပ်သူတွေဟာလည်း
Android ကို Google ကနေ အခမဲ့ ရယူထားတာဖြစ်လို့ Android ကို သူတို့လည်း
မပိုင်ဆိုင်ပါဘူး။ ဒါ့ကြောင့် ဖုန်းထုတ်လုပ်သူတွေ ကြိုးစားပြီး
ပိတ်ထားပေမယ့်လည်း Developer ရပိုင်ခွင့်နဲ့ တောင်းဆိုတော့မှာ ဖုန်းရဲ့ OEM
ကို Unlock လုပ်ဖို့အတွက် မပေးချင် ပေးချင်နဲ့ ပေးရပါတော့တယ်။ Bootloader
ကို ပိတ်ပင်ထားတာဟာလည်း ဥပဒေအရ မညီညွတ်ပါဘူး။ Bootloader ဆိုတာ
နားလည်လွယ်အောင် ပြောရရင် Android ကို စတင်မောင်းနှင်မည့် စနစ်ပါပဲ။
Boodloader ကို Lock ချထားတဲ့အတွက် ဖုန်းဝယ်ယူစဉ်ကပါတဲ့ Android
(Stock ROM) ကိုပဲ သုံးလို့ရပြီး ကျွန်တော်တို့ စိတ်ကြိုက် Android စနစ်
(Custom ROM) တွေကို ထည့်လို့မရတော့ပါဘူး။ နည်းနည်းရှုပ်သွားပြီးလား...
Laptop တစ်လုံးနဲ့ယှဉ်ပြီး ဥပမာပေးရအောင်...။ တစ်ကယ်လို့ ကျွန်တော်တို့က
Windows 7 ပါတဲ့ ASUS Laptop တစ်လုံးဝယ်လိုက်ပြီ ဆိုပါစို့။ အဲဒီ့ Laptop
ထဲကို Windows 8 ထည့်ချင်လည်း ထည့်လို့ရတယ်၊ တစ်ခြား Ubuntu တို့လို OS
တွေလည်း ထည့်ချင်ထည့်လို့ရပါတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးထားတာ Laptop
(Hardware) အတွက်ပါပဲ။ ဝယ်တုန်းက Windows 7 ကို ဖြုတ်ပြီး တစ်ခြား OS
ထည့်လိုက်လို့ Warranty ပျက်သွားပြီလို့ မရှိပါဘူး။ ဒါဆို သဘောပေါက်မှာပါ။
ကျွန်တော်တို့ ဖုန်းဝယ်ထားတာလည်း Hardware ကိုပါပဲ။ ဒါကြောင့် OS ဖြစ်တဲ့
Android ကို ကျွန်တော်တို့ ကြိုက်တာ ထည့်ခွင့်ရှိရမှာပေါ့။ အဲဒါအပြင်
ဖုန်းထဲမှာပါတဲ့ Android ကိုတောင်မှ ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာမှ
မဟုတ်တာ။ ဒါဆိုရင် Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ ဖန်တီးထားတာ မဟုတ်လား
လို့ မေးလို့ရပါတယ်။ Stock ROM တွေက ဖုန်းထုတ်လုပ်သူတွေ
ဖန်တီးထားတာဆိုပေမယ့် အဲဒါအတွက် ကျွန်တော်တို့ ပိုက်ဆံပေးဖို့မလိုပါဘူး။
သူတို့ဘာသာ Marketing သဘောအရ ပြုလုပ်ပေးတာပါ။ ခုနက ASUS Laptop ကိုပဲ
ပြန်ကြည့်ပါဦး..။ Laptop ဝယ်တုန်းက ASUS က အပိုထည့်ပေးလိုက်တဲ့
Application တွေနဲ့ Tools တွေကို တွေ့ရမှာပါ။ ဒါတွေက Laptop ဝယ်လို့ ASUS က
မေတ္တာလက်ဆောင်ပေးထားတဲ့ သဘောပါပဲ။ ဟုတ်ပါတယ် ဖုန်းထုတ်လုပ်သူတွေလည်း
Android ကို Google ကပေးတဲ့အတိုင်း ဖုန်းထဲ ထည့်ပေးလိုက်လည်း ဖြစ်ပါတယ်။
Marketing သဘောအရ ဖုန်းထုတ်လုပ်သူအချင်းချင်း Stroke ROM တွေ
ပြိုင်ဆိုင်ရေးပြီး ပြင်ဆင်ထည့်ပေးလိုက်တဲ့အတွက် ကျွန်တော်တို့က ဘာလို့များ
ပိုက်ဆံအပိုပေးရမှာလဲ...?
ကျွန်တော်တို့ဖုန်းရဲ့ Android ကို ကျွန်တော်တို့ကြိုက်တာ
ထည့်ခွင့်ရှိရမယ်။ Google ကနေ Android Icecream Sandwich ထွက်လာရင်လည်း
ကျွန်တော်တို့ သုံးချင်တယ် Android Jelly Bean ထွက်လာရင်လည်း
သုံးချင်ပါတယ်။ ဖုန်းဝယ်တုန်းကတည်းက ပါလာတဲ့ Android Gingerbrad ကြီးကို
ရိုးနေပြီဗျာ...။ ဒါကို ခင်ဗျား လက်ခံတယ်ဆိုရင်
စနစ်တစ်ခုလုံးပြောင်းပစ်တာမျိုးတောင်မဟုတ်တဲ့ Root လုပ်တာလေးကို
ကျွန်တော်တို့ ဘာလို့များ မလုပ်သင့်/လုပ်ခွင့်မရှိရမှာလဲဗျာ...။
ဒါကြောင့် ကျွန်တော်တို့ ဝယ်ထားတာ ဖုန်းရဲ့ စနစ်ပိုင်းကို
ကျွန်တော်တို့စိတ်တိုင်းကျ ကြည့်ရှုခွင့် လေ့လာခွင့် ပြင်ဆင်ခွင့်
ရှိရမှာပါ။ နောက်ဆုံး ကျွန်တော်တို့ ဖုန်းကို စဖွင့်ဖွင့်ချင်း ပေါ်လာတဲ့
Samsung ဆိုတဲ့ပုံနေရာမှာ ကျွန်တော်တို့ကြိုက်တဲ့ပုံ
အစားထိုးထည့်ခွင့်ရှိရပါမယ်။ ဖုန်းထုတ်လုပ်သူတွေကတော့ သူတို့ရဲ့
ရပိုင်ခွင့်အနေနဲ့ ဖုန်းရဲ့ ကိုယ်ထည်မှာ Samsung ဆိုတဲ့စာတန်းကို
ထည့်နိုင်ပါတယ်။
Root လုပ်လိုက်ရင် ဘာအကျိုးထူးမှာလဲ? ဒါ Android ကို Root
လုပ်သင့်မလုပ်သင့် စဉ်းစားနေတဲ့သူတွေ မေးနေကျမေးခွန်းပါပဲ။ Root လုပ်ရင်
ဘာတွေ ထူးမှာလဲဆိုတော့ ဒါလေးက နမူနာပါ။
Nandroid - ကိုယ့်ရဲ့ ဖုန်းတစ်ခုလုံးရဲ့ စနစ်တစ်ခုလုံးကို Backup
ပြုလုပ်ထားနိုင်ပါတယ်။ Backup ကို ကွန်ပြူတာထဲမှာပဲဖြစ်ဖြစ်
သိမ်းထားနိုင်ပါတယ်။ ကိုယ့်ရဲ့ဖုန်း ပျက်သွားတဲ့အခါ အမျိုးအစားတူ
ဖုန်းတစ်ခုကို ဝယ်ပြီး Restore ပြုလုပ်လိုက်တာနဲ့ တစ်ပြိုင်နက်
ကိုယ့်ဖုန်းအတိုင်း တစ်ထပ်တည်း ပြန်ရပါလိမ့်မယ်။ ဒီလိုမျိုး
တစ်ထပ်တည်းပြန်ရအောင် Service Center ကရော စွမ်းဆောင်နိုင်လို့လား။
Root ပြုလုပ်ထားရင် ကိုယ့်ဖုန်းပျက်သွားမှာလား ဆိုပြီး အမြဲ
စိတ်ပူနေရမှလား..။ သိပ်လည်း စိတ်မပူပါနဲ့ Nandroid နဲ့ Backup
ပြုလုပ်ထားရင် System file တစ်ခုခုကို မတော်တဆဖျက်မိတာတောင် ပြဿနာမရှိပါဘူ။
နည်းပညာပိုင်းအတွက် မသိတာရှိရင် သိတဲ့သူတွေကိုမေးပါ။ ကျွန်တော်တို့လည်း
ခင်ဗျားလိုပါပဲ . . ဘာမှမသိခဲ့ပါဘူး။ သိတဲ့သူတွေကို
မေးမြန်းအကူအညီတောင်းရင်း နည်းနည်းလေး နားလည်လာတာပါ။
အဆိုးဝါးဆုံး ဖြစ်နိုင်ခြေကတော့ Brick ဖြစ်တယ်လို့ ခေါ်တဲ့
လုံးဝဖွင့်မရတော့တဲ့အခြေအနေ ဖြစ်သွားတာပါပဲ။ အဲဒီ့လိုဖြစ်လာခဲ့ရင်တောင်မှ
Stock ROM လို့ခေါ်တဲ့ ဖုန်းထုတ်လုပ်သူက ထုတ်ပေးတဲ့ Android စနစ်ကို
ပြန်ပြီး ထည့်သွင်းလိုက်ရင် ဝယ်စဉ်ကအတိုင်း ပြန်ရပါလိမ့်မယ်။
Root မလုပ်သင့်တဲ့ အကြောင်းပြချက်-
- ကိုယ့်ကိုကိုယ် IT နည်းပညာနဲ့ပတ်သက်ရင် ခပ်တုံးတုံးလူလို့ထင်ရင်
- ကိုယ့်ဖုန်းကို ပိုပြီး မြန်လာအောင်၊ မလိုအပ်တဲ့ အမှိုက် (Stock Apps) တွေဖယ်ထုတ်တာမျိုး လုပ်ဖို့မလိုဘူးဆိုရင်
- ဖုန်းထုပ်လုပ်သူတွေက ပြုလုပ်ပေးထားတာတွေကသာ အကောင်းဆုံးလို့ တရားသေ ယူဆထားရင်
- Root Access ရမှ ထည့်သွင်းလို့ရမယ့် Apps တွေကိုလည်း စိတ်မဝင်စားဘူးဆိုရင်
- ကိုယ့်ရဲ့ဖုန်းစနစ်ကို မလေ့လာချင်ဘူး/မကလိချင်ဘူး/ ဖုန်းအတွက်နဲ့ အချိန်မပေးနိုင်ဘူး ဆိုရင်
- ကိုယ့်ရဲ့ ဖုန်း(Android) ကို Apple iPhone လိုပဲ ဘာမှ ပြုပြင်ဖန်တီးခွင့်မရှိဘူးလို့ ယူဆထားရင်
- Open Source ရဲ့ အဓိပ္ပါယ် (ရပိုင်ခွင့်) ကို သေချာနားမလည်ဘူး ဆိုရင်
- ဖုန်းထုတ်လုပ်သူတွေက တစ်ဖက်သက်ချမှတ်ထားတဲ့ Rule တွေကို ပြောသမျှ ခေါင်ငြိမ့်တတ်တဲ့သူ ဆိုရင်
- ဖုန်းဆိုတာ ဖုန်းဆက်လို့ရရင် ပြီးတာပဲလို့ သဘောထားတဲ့သူဆိုရင်
Root မလုပ်ပါနဲ့....
Root လုပ်သင့်တဲ့ အကြောင်းပြချက် -
- Root မလုပ်သင့်တဲ့အကြောင်းပြချက်တွေက ကိုယ်နဲ့ မကိုက်ညီဘူးဆိုရင်
- ကိုယ့်ဖုန်းကိုကိုယ် ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့ ယူဆရင်
- ကိုယ်ဝယ်ထားတဲ့ဖုန်းကို ကိုယ်ပိုင်တယ်လို့ ယူဆရင်
- Root ပြုလုပ်ခြင်းဟာ ကိုယ့်ရဲ့ အခွင့်အရေး/ရပိုင်ခွင့်လို့ ယုံကြည့်ရင်
ဒါဆို Root လုပ်ဖို့ ကြိုးစားကြည့်နိုင်ပါပြီ။
Root ဆိုတာ ခုမှကြားဖူးတာ ဘယ်ကစ လုပ်ရမှာလဲ?
ဘာမှ မပူပါနဲ့... rootzwiki လိုမျိုး Root စွယ်စုံကျမ်း website
ရှိပါတယ်။ XDA လိုမျိုး Developer တွေ အများကြီးရှိတဲ့ forum တွေမှာ
ဖုန်းထုတ်လုပ်တဲ့ ကုမ္မဏီကြီးတွေက ပညာရှင်တွေလည်း ရှိပါတယ်။
အလွယ်ဆုံးနည်းကတော့ Google မှာ How to root လို့ရိုက်ပြီး အနောက်မှာ
ကိုယ့်ရဲ့ဖုန်းနာမည်ကို ထည့်ပေးလိုက်ရုံပါပဲ။ ကိုယ့်ဖုန်းကို Root
လုပ်ရမယ့် နည်းလမ်းတွေ အများကြီးရှိသလို မြန်မာလို လေ့လာနိုင်တဲ့ Blog
တွေလည်း ရှိပါသေးတယ်။
Root လုပ်ပြီးရင် ဘာလုပ်ရမလဲ ?
အကြံပေးချင်တာကတော့ Root လုပ်ပြီးရင် အရင်ဆုံး Backup ပြုလုပ်ထားပါ။ ပြီးရင်တော့ ကိုယ်ပိုင်တဲ့ဖုန်း ကိုယ့်သဘောပါပဲ....။
No comments:
Post a Comment