Thursday, December 4, 2014

မိုဘိုင်းဆက်သွယ်ရေး ဝေါဟာရများ

မိုဘိုင်းဆက်သွယ်ရေး ဝေါဟာရများ
========================

မိုဘိုင်းဖုန်းဟာ ကြိုးမဲ့ ဆက်သွယ်ရေး ပစ္စည်းဖြစ်တဲ့အတွက် သူ့အထဲမှာ ကြိုးမဲ့ ဆက်သွယ်ရေး စနစ် တစ်မျိုးမက ပါလာပါတယ်။ ဖုန်းဆက်ရုံလောက် ကိစ္စမှာ အဲဒီ စနစ်တွေ အကြောင်း မသိရင် ကိစ္စ မရှိပေမယ့် မိုဘိုင်းဖုန်း အင်တာနက်နဲ့ ပတ်သက်လာပြီဆိုရင် ကြိုးမဲ့ စနစ်တွေအကြောင်း နားလည်ဖို့ လိုလာပါတယ်။ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်အကြောင်း နားမလည်တဲ့အတွက် handset ဝယ်တဲ့ နေရာမှာ အမှားတွေ ကြုံပါတယ်။ အင်တာနက် ချိတ်ဆက်ရေး ကိစ္စမှာ အခက်အခဲတွေ တွေ့ရပါတယ်။ မိုဘိုင်းဖုန်း တစ်လုံးကို ပြည့်ပြည့်စုံစုံ သုံးချင်သူတွေအတွက် ကြိုးမဲ့ ဆက်သွယ်ရေး စနစ်သုံး ဝေါဟာရတွေကို လေ့လာကြည့်ရအောင်။

- Bluetooth

Bluetooth ဆိုတာ တာတို ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါ။ Bluetooth ပါတဲ့ ဖုန်းအချင်းချင်း၊ Bluetooth ပါတဲ့ ဖုန်းနဲ့ ကွန်ပျူတာတွေကြားမှာ ကြိုးမဲ့ ချိတ်ဆက်ပြီး data တွေ ဖလှယ်နိုင်ပါတယ်။ နားလည်အောင် ပြောရရင် ဖုန်းတစ်လုံးနဲ့ တစ်လုံး ချိတ်ပြီး သီချင်းတွေ၊ ဂိမ်းတွေ ဖလှယ်ကြတာမျိုးပေါ့ဗျာ။ ကျွန်တော်တို့ဆီမှာ လောလောဆယ် ဝင်နေတဲ့ handset အများစုမှာ Bluetooth 2.0 ကို သုံးပါတယ်။ တချို့မှာက Bluetooth 2.0 EDR (Enhanced Data Rate) ဆိုတာလည်း သုံးတယ်။ သူက data တွေကို ပိုပြီး မြန်မြန်ဆန်ဆန် လွှဲနိုင်ပါတယ်။

အခုဆိုရင် ခလုတ်ဖုန်း အတော်များများတောင်မှ Bluetooth စနစ်ပါနေပါပြီ။ အဆင့်မြင့် တို့ထိ ဖုန်းတွေမှာတော့ Bluetooth နားကြပ်နဲ့ ချိတ်ဆက်ပြီး ကားမောင်းရင်း လက်မကိုင်ဘဲ ဖုန်းပြောဖို့ သိပ်ပြီး အသုံးတည့်ပါတယ်။ နားကြပ်နဲ့ ဖုန်းနဲ့ကို Bluetooth ချိတ်ပြီး ဖုန်းပြောချင်သူတွေ 4.0 version ကို ရှာပြီးဝယ်ပါ။ Bluetooth ရဲ့ မူလ ဆက်သွယ်နိုင်တဲ့ အကွာအဝေးက ပေ ၃၀ အတွင်း ဖြစ်ပေမယ့် Bluetooth 4.0 မှာတော့ ပေ ၁၀၀ အတွင်းထိ ဆက်သွယ်နိုင်ပါတယ်။ ကြားမှာ နံရံတွေ ခြားရင် ဆက်သွယ်နိုင်တဲ့ အကွာအဝေး တိုပါမယ်။ အလုံပိတ် အခန်းတွေကြားမှာ နံရံဖောက်ပြီး မဆက်သွယ်နိုင်ပါဘူး။ သူ့ရဲ့ data လွှဲပြောင်းနှုန်းက 2.0 မှာ 50 kbps လောက်ရှိပြီး 4.0 မှာ 100 kbps ဝန်းကျင် ရှိပါတယ်။ MP3 သီချင်း တစ်ပုဒ် လွှဲရင် တစ်မိနစ် နီးပါး ကြာပါမယ်။ Bluetooth သုံးချင်ရင် setting ဆိုတဲ့ စက်သွားပုံ ပင်နယံ အဝိုင်းလေးကို ရှာရမယ်။ Setting > Wireless & Networks > Bluetooth အောက်ကို ဝင်ပြီး သုံးရပါမယ်။ ချိတ်ဆက်မယ့် ဖုန်းနှစ်လုံးစလုံး Bluetooth ဖွင့်ထားရမယ်။ Bluetooth setting ထဲဝင်ပြီး device အချင်းချင်းသိအောင် discoverable/visible ကိုဖွင့်ထားပြီး Bluetooth ဖွင့်ထားမယ့် ကာလ (discoverable time out) လုံလောက်အောင် ပေးရပါမယ်။

- Wi-fi

သူကလည်း တာတို ကြိုးမဲ့ ဆက်သွယ်ရေး စနစ်ပါပဲ။ Bluetooth ထက်ပိုပြီး ဝေးဝေး ဆက်သွယ်နိုင်တယ်။ လှိုင်းတွေက နံရံဖောက်ဝင်အား ပိုပြီး ကောင်းပါတယ်။ လောလောဆယ်သုံးတဲ့ n စနစ်က ကြားမှာ အတားအဆီး မရှိရင် ပေ ၃၀၀ အကွာအဝေး အထိ ဆက်သွယ်နိုင်ပါတယ်။ ခလုတ်ဖုန်း အတော်များများမှာ wifi စနစ်ပါလေ့ မရှိပါဘူး။ တို့ထိ ဖုန်းတွေမှာပဲ ပါပါတယ်။ Wi-fi စနစ်က အမျိုးအစားတွေများတော့ သူ့ကို ခွဲခြားပြီး ပြောရင် 802.11 ဆိုတဲ့ စာလုံးကို ရှေ့ကခံပြီး ပြောပါတယ်။ ဒီနေ့အထိ အများသုံးနေတာဟာ a/b/g/n ဆိုပြီး စနစ်လေးမျိုး ရှိပါတယ်။ (n) က အမြန်ဆုံး ဖြစ်တဲ့အတွက် handset ဝယ်ရင် (n) အမျိုးအစား ပါ ၊ မပါ သတိထားပြီး ဝယ်ရမယ်။ Data လွှဲပြောင်းတဲ့ အမြန်နှုန်းကို ကြည့်ရင် a/b/g အမျိုးအစားတွေမှာ 54 Mbps (mega bit per second) ရပြီး 2.4 GHz လှိုင်းခွင်ကနေ လွှင့်နိုင်ပါတယ်။ (n) အမျိုးအစားက 450 Mbps အထိ data လွှဲပြောင်းမှု အမြန်နှုန်းရှိပြီး 2.4 GHz နဲ့ 5 GHz လှိုင်းခွင် နှစ်ခုကနေ လွှင့်နိုင်တဲ့ အားသာချက် ရှိပါတယ်။ အခုနောက်ပိုင်း အဆင့်မြင့် handset တွေမှာ wifi direct စနစ်ပါလာပြီမို့ handset အချင်းချင်း တိုက်ရိုက်ချိတ်ပြီး data တွေ လွှဲနိုင်ပါတယ်။ ကျွန်တော်တို့ အသုံးများတဲ့ Zapya ကလည်း Wi-fi direct စနစ် တစ်မျိုးပါပဲ။ Wi-fi ရဲ့ အားသာချက်က အချင်းချင်း ချိတ်ဆက်တဲ့ နေရာမှာ Bluetooth လို အသိအမှတ်ပြုတဲ့ စနစ် (pair) လုပ်ဖို့ မလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် wifi ကွန်ရက်ထဲမှာ password ခံထားရင်တော့ အဲဒီ password သိမှ ဝင်လို့ ရပါမယ်။ မိုဘိုင်းဖုန်းတွေမှာ ကျွန်တော်တို့ အသုံးများတာက portable hospot ပါ။ Setting > Wireless & Network > Tethering & portable hotspot > Portable WLAN hotspot ဖြစ်ပါတယ်။ ကိုယ်က တခြားလူ တစ်ယောက်ယောက်ကို ဒါမှမဟုတ် ကွန်ပျူတာ တစ်လုံးကို အင်တာနက် ပေးသုံးမယ်ဆိုရင် hotspot ကို သုံးပါတယ်။ WLAN hotspot configuration ထဲဝင်ပြီး Network SSID/ security လုံခြုံမှု စနစ်ဖြစ်ပြီး အများအားဖြင့် WPA2 ဆိုတဲ့ လုံခြုံမှု အရှိဆုံး စနစ်ကို သုံးပါတယ်။ Password တွေ မဖြစ်မနေ ထည့်ပေးရပါတယ်။ လုံခြုံမှု အားကောင်းစေဖို့ password ၈ လုံး ထည့်ပေးရလေ့ ရှိပါတယ်။

- EVDO

အင်တာနက်သုံးမယ်ဆိုရင် သိထားရမယ့် အင်တာနက် ဆက်သွယ်ရေး စနစ်တစ်မျိုး ဖြစ်ပါတယ်။ CDMA 800 MHz (၇၃၀ ဖုန်းစနစ်လို့လည်း လူသိများပါတယ်) မှာ သုံးတဲ့ အင်တာနက် စနစ်က EVDO စနစ်ပါ။ အရှည်က Evolution Data Optimized ဖြစ်ပါတယ်။ Handset မျက်နှာပြင်ပေါ်မှာ 3G စာလုံးအနေနဲ့ မြင်ရပါမယ်။ ကျွန်တော်တို့ လောလောဆယ် သုံးနေတာက EVDO Revolution A စနစ်ဖြစ်ပြီး အင်တာနက် ဆွဲချ အမြန်နှုန်း 3.1 Mbps/ အင်တာနက်ပေါ် ပို့လွှတ် အမြန်နှုန်း 1.8 Mbps ရှိပါတယ်။ Revolution B စနစ်က ပိုမြန်ပေမယ့် ကျွန်တော်တို့ဆီမှာ လောလောဆယ် မသုံးနိုင်သေးပါဘူး။

- EDGE

သူကတော့ GSM ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က Enhanced Data rate ဖြစ်ပါတယ်။ Handset မျက်နှာပြင်ရဲ့ အပေါ်နားမှာ E ဆိုတဲ့ စာလုံးလေးနဲ့ မြင်ရပါမယ်။ သူတို့ဆီမှာ GSM ကလည်း 3G စနစ် အမြန်နှုန်းကို ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာ စပြီး ပွဲထွက်တာက 2.5 စနစ် အမြန်နှုန်း စနစ် ဖြစ်ပါတယ်။ အင်တာနက်ကနေ ဆွဲချ အမြန်နှုန်း 384 kbps နဲ့ အင်တာနက်ပေါ် လွှတ်တင် အမြန်နှုန်း 59 kbps ဖြစ်ပါတယ်။ အင်တာနက် စနစ်မှာ အလွန်နှေးကွေးတဲ့အတွက် handset ဝယ်ရင် WCDMA/GSM နှစ်မျိုးတွဲကို ဝယ်ပြီး WCDMA အပေါက်မှာ GSM ကတ်ထည့်ပြီး သုံးသင့်ပါတယ်။

- HSDPA

သူကတော့ WCDMA ဖုန်းတွေမှာ သုံးတဲ့ အင်တာနက် စနစ် ဖြစ်ပါတယ်။ အရှည်က High Speed Downlink Packet Access ဖြစ်ပါတယ်။ Handset မှာ အင်တာနက် ချိတ်ထားရင် H ဆိုတဲ့ စာလုံးလေးကို မျက်နှာပြင် အပေါ်နားမှာ မြင်ရပါတယ်။ မြန်မာပြည်မှာ သုံးနေတာက 3.75 G စနစ်လို့ ပြောပါတယ်။ ကမ္ဘာ့စံ သတ်မှတ်ချက်အရဆိုရင် 3G+ စနစ်ပါ။ သီဝရီ အရဆိုရင် အင်တာနက်ပေါ်က ဆွဲချ အမြန်နှုန်း 7.2 Mbps နဲ့ အင်တာနက်ပေါ် ပို့ အမြန်နှုန်း 2 Mbps ရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ လက်တွေ့ရနေတဲ့ အမြန်နှုန်းကတော့ သီဝရီမှာ ပြောတာရဲ့ အပုံတစ်ရာပုံ တစ်ပုံက အများဆုံးပါ။ ဒါပေမယ့် မြန်မာပြည်ရဲ့ မိုဘိုင်း အင်တာနက်မှာတော့ အမြန်ဆုံး ဖြစ်ပါတယ်။

- 1G / 2G / 3G / 4G

G ဆိုတာက Generation ပါ။ ဆက်သွယ်ရေး စနစ် မျိုးဆက်တွေပေါ့။ 1 G ဆိုတာက ပထမ မျိုးဆက် ဆက်သွယ်ရေး စနစ်ပေါ့။ မျိုးဆက်တစ်ဆင့် တက်လာတိုင်း အမြန်နှုန်းရော အရည်အသွေးပါ ပိုကောင်းလာပါတယ်။ 4G လို့ခေါ်တဲ့ စတုတ္ထ မျိုးဆက်ကတော့ လက်ရှိမှာ အမြန်ဆုံး အကောင်းဆုံး ဆက်သွယ်မှု စနစ်ပါ။

Credit: Original

No comments:

Post a Comment